မြန်မာနိုင်ငံ အတွင်း၌ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် အပြီး
တည်ဆောက် သွားမည်ဖြစ်ကြောင်း မစ်ဆူဘီရှီ ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ တာဝန်ခံရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
”ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ကားထုတ်လုပ်တဲ့ စက်ရုံကို ၂ဝ၁၄ ခုနှစ် ကတည်းကစပြီး
ပဲခူးမှာ တည်ဆောက်ခဲ့တာပါ။ အခုချိန်မှာ အကြမ်းဖျင်း အကုန်လုံးပြီးနေပါပြီ။ ၂ဝ၁၇ ခုနှစ်မှာတော့
ကားထုတ်လုပ်တဲ့စက်ရုံကို အပြီးတည်ဆောက်ပြီး ကားတွေ ထုတ်လုပ်သွားမှာပါ။ မစ်ဆူဘီရှီ
ကား ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကားစက်ရုံ တည်ဆောက်ရတဲ့ အဓိက အကြောင်းအရင်းက
မြန်မာနိုင်ငံက ပြည်သူတွေကို မစ်ဆူဘီရှီ ကားတွေစီးစေချင်လို့ပါ”ဟု ၎င်းက ပြောသည်။
မစ်ဆူဘီရှီ ကားကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် မော်တော်ယာဉ်
ထုတ်လုပ်သည့် စက်ရုံ တည်ဆောက် ပြီးစီးပါက ယာဉ်များကို စတင်ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များကို ရောင်းချရာ၌ ဂျပန်နိုင်ငံရှိ မစ်ဆူဘီရှီ ကားကုမ္ပဏီမှ
မော်တော်ယာဉ်နှင့် ပတ်သက်သော ပစ္စည်းများကို မြန်မာနိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့်
စက်ရုံခွဲသို့ တင်သွင်းမည်ဖြစ်ပြီး ၎င်းပစ္စည်းများကို မြန်မာနိုင်ငံ၌ တပ်ဆင်၍ ထုတ်လုပ်သွားမည် ဖြစ်သည်။
၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံ၌ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရာတွင် အနိမ့်ဆုံးဈေးနှုန်း
အမေရိကန်ဒေါ်လာ ၆ဝဝဝ မှ အမြင့်ဆုံးဈေးနှုန်း အမေရိကန် ဒေါ်လာ ၅ဝဝဝဝ အထိ
သတ်မှတ်ကာ ရောင်းချသွားမည် ဖြစ်သည်။
မစ်ဆူဘီရှီ အမျိုးအစား ကားများသည် မြန်မာနိုင်ငံ၌ ဈေးကွက် အခိုင်အမာ ရရှိထားသည့်
မော်တော်ယာဉ် အမျိုးအစား များ ဖြစ်ပြီး ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် Pajero ယာဉ်
အမျိုးအစားသည် မြန်မာနိုင်ငံ၌ လူကြိုက်များပြီး အစီးများသည့် ယာဉ်အမျိုးအစား
တစ်ခုဖြစ်ကြောင်း သိရသည်။
Source: Myawady

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways