ပြည်တွင်းထုတ်စက်မှုဇုန်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပုံစံအတိုင်း ၂၀၁၄ ခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဟု ပြည်သူ့လွှတ်တော်တွင် ကတိပြု ကြေညာခဲ့ပြီး နှစ်ရက်အတွင်းကျပ် ၁၇ သိန်းကျော် ကျဆင်းသွားသည့် စလစ်ဈေးမှာ ဇွန်လတတိယပတ်အတွင်း ကျပ် ၁၀ သိန်းခန့် ပြန်လည်မြင့်တက်လာသည်ဟု စလစ် အရောင်းအ၀ယ်ပြုလုပ်နေသည့် အသိုင်းအ၀ိုင်းထံမှသိရသည်။
“လွှတ်တော်မှာကြေညာခဲ့တာက ၂၀၁၄ အတွင်းမှာ ဇုန်ကားတွေကိုအပ်နှံခွင့်ပြုမယ်လို့ပြောသွားတာ။ ရက်အတိ အကျပြောသွားတာမဟုတ်တော့ ကြေညာတဲ့ရက်ပိုင်းကတော့ စလစ်ဈေးက ထိုးကျသွားတယ်။ ဒါပေမဲ့ စလစ်လိုအပ်ချက်က မြင့်နေတော့ တရိပ်ရိပ်ပြန်တက်လာတယ်” ဟု စလစ်ပွဲစားလုပ်ကိုင်နေသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။
ပြည်တွင်းစလစ်ဈေးနှုန်းမှာ ပြည်သူ့လွှတ်တော်အတွင်း ကြေညာခဲ့သည့် ဇွန်လ ၁၀ ရက် ညနေပိုင်းမှစတင်၍ ပြန်လည်ကျဆင်းလာခဲ့ရာမှ ဇွန်လ ၁၂ ရက် စလစ်ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ၀န်း ကျင်သာရှိခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် စလစ် တစ်စောင်ကို ကျပ်သိန်း ၁၁၀ အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
“ ဒီနေ့ စလစ်က ၁၁၀ ကိုဝယ်လို့မ ရဘူး။ ဇုန်ကားတွေကို ကြေညာခဲ့တဲ့နောက်ပိုင်းတော့ စလစ်က အ၀ယ်အေးသွားပြီး ဈေးလည်းကျလာတယ်။ အခုအ၀ယ်ပြန် လိုက်လာတယ် ” ဟု မော်တော်ယာဉ် ရောင်းဝယ်သူ ဦးသိန်းထွန်းက ပြောသည်။
ယခုရက်ပိုင်း စက်မှုဇုန်ထုတ်ကားဈေးနှုန်းများမှာလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၅၂ သိန်းအထိ မြင့်တက်နေသည့် စက်မှုဇုန်ထုတ် ဂျစ်ကားဈေးမှာ ယခု ၄၅ သိန်းသို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်အရ ထုတ်ပေးသည့် စလစ်ဈေးနှုန်းများသာ မြင့်တက်လာသည် မဟုတ်ဘဲ ယခုနောက်ပိုင်းပြည်ပမှ တင်သွင်းသည့်ကား အများစုမှာ အငှားယာဉ်အဖြစ်အသုံးပြုမည့် ယာဉ်အများစုဖြစ်နေသဖြင့် တက္ကစီစလစ် ဈေးလည်းမြင့်တက်လာသည်ဟု ဦးသိန်းထွန်း ကပြောသည်။
“ တက္ကစီစလစ်တစ်စောင်ကို အရင်က ၅၇ သိန်း၊ ၅၈ သိန်းလောက်ပဲရှိတာ။ အခု ၆၅ သိန်းလောက်ကို ပေါက်နေတယ်။ အခု အငှားယာဉ်သွင်းတဲ့ သူတွေများနေတော့ အနည်းဆုံးလေး၊ ငါးသိန်းလောက်တက်လာတယ် ” ဟု ၎င်းက ဆိုသည်။
Source: Mizzima Burmese

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways