Saturday, June 13, 2015

မန္တလေးမြို့တွင် ကျပ် ၂၀၀၀၀ ခန့်ဖြင့် ငှားရမ်းနေထိုင်နိုင်မည့် အိမ်ရာများ မြို့နယ် ( ၆ ) မြို့နယ်တွင်တည်ဆောက်မည်




မန္တလေး ခြောက်မြို့နယ်တွင် အခြေခံလူတန်းစားများ၊ ပျံကျ အလုပ်သမား များနှင့် ကျူးကျော်နေထိုင်သူများ ငှားရမ်းနေထိုင်နိုင်မည့် အငှားအိမ်ရာများကိုထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါ အိမ်ရာများမှ တိုက်ခန်းများကို ကျပ်နှစ်သောင်းဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောကြားသည်။
“မြို့နယ်အလိုက် အငှားအိမ်ရာတွေ တည်ဆောက်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ အခု ကမ်းနားလမ်းအိမ်ရာ ပြီးတာနဲ့ ချမ်းမြသာစည်မြို့နယ်မှာဆောက်မှာပါ။ ကျပ်နှစ်သောင်းဝန်းကျင်လောက်နဲ့ပဲ ငှားပေးမှာဖြစ်ပြီး စည်ပင်ရဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီး အခန်းအရေအတွက်များများ တည်ဆောက်ဖို့ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
လက်ရှိတွင် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတွင် အငှားအိမ်ရာ တည်ဆောက်လျက်ရှိပြီး ၁၂ ခန်းတွဲ ခြောက်ထပ်အဆောက်အအုံ အလုံး ၂၀တည်ဆောက်မည်ဖြစ်ကာ တစ်တိုက်လျှင် အခန်း ၇၂ ခန်း၊ စုစုပေါင်း အခန်း အရေအတွက် ၁၄၄၀ ခန်းသာ ပါဝင်မည်ဖြစ်ပြီး တစ်ခန်းလျှင် ပေ ၂၀ နှင့်၁၀ ပေ ၀န်းကျင်သာ ကျယ်မည်ဖြစ်ကာ ရေချိုးခန်းနှင့် အိမ်သာ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အငှားအိမ်ရာရှိ အခန်းများကို ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ပျံကျအလုပ်သမားများကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ဆောက်ပေးတဲ့ ကျပ်သိန်းတစ်ရာအောက်လို့ပြောတဲ့ တန်ဖိုးနည်း အိမ်ရာ ဆိုတာကိုလည်း ပုဂ္ဂလိက ၀န်ထမ်းတွေတောင် လက်လှမ်းမမီတဲ့အနေအထားပါ။ တကယ်တော့ ကျူးတွေ၊ အိမ်ခြေမဲ့တွေတင် မကဘဲ လူလတ်တန်းစားတွေ အတွက်ပါ ဈေးသက်သက်သာသာနဲ့ ငှားရမ်းနေထိုင်နိုင် မယ့် အငှားအိမ်ရာတွေ များများနဲ့ အမြန်ဆုံး အကောင်ထည် ဖော်ပေး သင့်တယ်။ တစ်ခုခု သက်သက်သာသာနဲ့ ရမယ်၊ ၀ယ်မယ်ဆိုရင် အစိုးရအရာရှိ ၀န်ထမ်းတွေက အခွင့်ထူးခံလိုဖြစ်ပြီး သူတို့အတွက် ပဲ ဖြစ်နေ တယ်။ ပြည်သူအားလုံး တစ်ပြေးညီနေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးသင့်တယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆိုသည်။
မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းနံဘေး၌ နေထိုင်သူများ အပါအ၀င် မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း အိမ်ရာမဲ့ဦးရေ ငါးသောင်း ငါးထောင်ကျော်ရှိကြောင်းအုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။
Source:  Eleven Media

No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget