မြန်မာနိုင်ငံ လက်ရှိ ကားတင်သွင်းမှုမူဝါဒ မှာ ကားသစ်များထက်
တစ်ပတ်ရစ်ကားများ ၀ယ်ယူရန်သာ
ပိုမိုအခွင့်သာနေဆဲဖြစ်ကြောင်း ကားတင်သွင်းသူများက ပြောသည်။

"ကျွန်တော်တို့နိုင်ငံက အခုချိန်ထိ တစ်ပတ်ရစ်ကားတွေ
အများဆုံးတင်ပို့တဲ့နိုင်ငံ ပဲဖြစ်နေသေးတယ်။
ပြီးခဲ့တဲ့နှစ်ကမှတ်တမ်း တွေအရ ကားသစ်တင်သွင်းမှုက သုံးရာခိုင် နှုန်းလောက်ပဲရှိတယ်။
မူဝါဒကိုက တစ်ပတ် ရစ်တွေကို ပိုဝယ်ဖို့ တွန်းအားပေးသလိုဖြစ်နေ တယ်" ဟု UMFCCI မှ ဒုတိယဥက္ကဋ္ဌ နှင့် အောင်သိန်းသိန်း ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးထွန်းက ပြောသည်။
တစ်ပတ်ရစ် ကားများမှာ ၀ယ်ရလွယ်ကူခြင်းနှင့် မည်သူမဆို ၀ယ်နိုင်သည့်အနေအထားတို့
ရှိခြင်းကြောင့် ဈေးကွက်တွင်း ပိုမို ရောင်းချရသည့် အနေအထားတွင်ရှိပြီး တစ်ပတ်ရစ်ကား ဈေးကွက်မှာမြန်မာနိုင်ငံတွင် ဖွံ့ဖြိုးပြီးဖြစ်သည်။

"တစ်ပတ်ရစ်ကားတွေက ဈေးသက်သာတယ်ဆိုပေမယ့် အရည်အသွေးမကောင်းဘူးဆိုရင်
ရေရှည် မှာ ပြုပြင်ရတဲ့စရိတ်ကုန်ကျမှု က ပိုများလာနိုင်တယ်။ ဒါကိုလည်း စံချိန် စံညွှန်းတစ်ခုအနေနဲ့
ဆောင်ရွက်ရမယ်။ သတ်မှတ်ချက်လေးတစ်ခုနဲ့ တင်သွင်းနိုင်ရင် ပိုကောင်းတယ်"ဟု
ဦးအေးထွန်း က ပြောသည်။ မြန်မာနိုင်ငံတွင် ကားဝယ်မည်ဆိုပါက တစ်ပတ်ရစ်ကားများကိုဝယ်ယူ ရန်သာ အရင်စဉ်းစားလေ့ရှိကြပြီး ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း အစိုးရကချမှတ်ထားသောမူဝါဒနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ ကားသစ်များတင်သွင်းမှုပေါ်တွင် ကောက်ခံသောအခွန်နှုန်းထားများမှာ တစ်ပတ်ရစ် ကားများကိုသာ ၀ယ်ယူစေရန် အနေအထားကိုဖန်းတီးပေးနေသည်ဟုပင် ယူဆနိုင်သည်။ "ကျွန်တော်တို့အနေနဲ့ကတော့ ကားသစ်တွေကိုပိုပြီးသွင်းစေချင်တယ်။ ဒါပေမဲ့ အစိုးရ က ချမှတ်ထားတဲ့ မူဝါဒအရ မော်ဒယ်နိမ့်တဲ့ ကားကဈေးပေါမယ်။ မော်ဒယ်မြင့်ရင် ဈေးကြီးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အစိုးရ အနေနဲ့ လက်ရှိ ချမှတ်ထားတဲ့ မူဝါဒကို နည်း နည်းလေးပြောင်းပြီး ကားသစ်တွေ ပိုဝယ်နိုင်အောင် လုပ်ပေးသင့်တယ်" ဟု ဦးအေးထွန်းကပြောသည်။ "နိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး ကား ဈေးကွက် ကလည်းပြောင်းလဲနေတာဖြစ်ပါတယ်။ အခုတော့ ကားသစ်သွင်းတဲ့အပေါ် မှာ အခွန် ကောက်ခံမှု နှုန်းကအရမ်းမြင့်နေ တယ်။ ဒါက ပြည်သူတွေကို ကားဟောင်းကိုပဲ ပိုပြီး ၀ယ်စေသလို ဖြစ်နေတယ်။ အခွန်ကို လျှော့သင့်တယ်လို့ထင်တယ်" ဟု ၀န်းရံခ ကားအရောင်းစင်တာ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းမင်းမောင်က ပြောသည်။

အင်ဂျင်ပါဝါနည်းသော ကားများမှာ ရန်ကုန်မြို့တွင်သာအဆင်ပြေပြီး အခြား
တိုင်းဒေသကြီးနှင့်
ပြည်နယ်များ တွင်မူ အဆင် ပြေမှုမရှိပေ။ အဆိုပါဒေသတွင် နေထိုင်သူ များမှာ အင်ဂျင်ပါဝါမြင့်
ကားသစ်များကို တင်သွင်းရန် ဆန္ဒရှိသော်လည်း ကားသစ် များကို မတင်သွင်းနိုင်သေးဘဲ
၂၀၁၁ ခုနှစ် တွင် စတင်ခဲ့သော ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအစီအစဉ်အရ စလစ်ကပ်ကား
များကို သာ ၀ယ်ယူနေရဆဲဖြစ်သည်။ "ကျွန်တော်တို့ အသစ်စက်စက်ကားတွေ ကို မ၀ယ်နိုင်ကြ သေးပါဘူး။ စလစ်နဲ့ ၀ယ်ရတဲ့ကားတွေကိုပဲ ၀ယ်နေရတုန်းဖြစ်ပြီးတော့စလစ်ဈေး ကလည်း ကြီးပါတယ်။ ကျွန်တော့ အနေနဲ့တော့ စလစ်နဲ့ ကားဝယ်ရတယ်ဆိုတဲ့စနစ်က နည်းနည်းတော့ မှားနေတယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒီစနစ်လည်း နောက်နှစ်နှစ်လောက်ဆိုရင်တော့ ပျောက်ကွယ် သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မန္တလေးမှကိုအရည်ကြိုကပြောသည်။

တစ်ပတ်ရစ်ကားများနှင့် အသက်စက်စက် ကားများအကြား
ဆိပ်ကမ်းအရောက်တန်ဖိုးမှာ
ကွာခြားမှု ရှိနေပြီး အခွန်ကောက်ခံ မှုတွင် လည်းခြားနားသည်။ ကားသစ်များ အတွက်
အခွန်ကောက်ခံမှုမှာ အင်ဂျင်ပါဝါပေါ်မူတည်ပြီး ၆၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင် နှုန်းအထိ
ကျသင့်ကာ ကားသစ်များဈေးနှုန်း ကြီးမြင့်မှုကိုဖြစ်စေသည့် အကြောင်း တစ်ရပ် ဖြစ်သည်။

"ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံမှာ ကားသစ်တွေ
တင်သွင်းမှုကနေတစ်ဆင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရလာစေချင်တယ်။ ပြီးတော့
အစိုးရက လည်း နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေရဖို့နဲ့ ကျွန်တော်တို့ ဆီမှာ
ရင်းနှီး မြုပ်နှံရင် ဘယ်လိုခိုင်မာမှုတွေ ရှိတယ်ဆိုတာ ကို သိလာပြီး ရင်းနှီးမြှုပ်နှံချင်လာအောင်လုပ်
ရမယ်။ လက်ရှိမှာ ကားအရောင်း စင်တာတွေ အများကြီးရှိတယ်ဆိုပေမယ့်
တကယ်တမ်း အကျိုးအမြတ် များများနဲ့ ရောင်းချနေရတဲ့ စင်တာက သိပ်မရှိပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ က နောင်လာမယ့် ငါးနှစ်ကနေ ဆယ်နှစ်အတွင်း မှာ ဖွံ့ဖြိုးလာမယ့်
ကားသစ်ဈေးကွက်ကို မျှော်မှန်းပြီးတော့ ဆက်လက် ရပ်တည်နေတာဖြစ်ပါတယ်" ဟု ဦးအေးထွန်းကပြောသည်။
"ကားတင်သွင်းတဲ့သူတွေက ဘယ်လိုကား တွေတင်သွင်းမလဲဆိုတာကအစိုးရရဲ့
မူဝါဒ ပေါ်မှာပဲ လုံးဝ တည်မှီနေပါတယ်။ အစိုးရကသာ ဘယ်လိုကားမျိုးတွေတင်သွင်းနိုင်တယ်ဆိုတဲ့
မူဝါဒကို ချမှတ် နိုင်တာဖြစ်ပါတယ်" ဟု ဦးမင်းမင်းမောင်က ပြောသည်။
Source - mmtimes

No comments:
Post a Comment
Welcome to Myanmar Highways
https://www.facebook.com/myanmarhighways