Friday, June 26, 2015

မြို့သစ်စီမံကိန်းနောက်တစ်ခါလာပြန်ပြီ



မြေဧကပေါင်း ၁၁၈၇၃၂ ဧကကိုမဟာဗျူဟာမြို့သစ်စီမံကိန်းအတွက် အကောင်အထည်ဖော်မည် ဟူသော
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။
မြို့သစ်စီမံကိန်းအတွက် မြို့သစ်စီမံကိန်းတစ်ကျော့ပြန် လှုပ်ခတ်လာပြန်တော့ စီမံကိန်းဧရိယာနှင့် အနီးတ၀ိုက်အတွင်း နေထိုင်ကြသည့် ပြည်သူများနှင့် အိမ်ခြံမြေ စိတ်ဝင်စားသူများအဖို့ မိမိတို့ ဒေသအပေါ် မည်သို့သော နောက်ဆက်တွဲစီမံချက်တွေထပ်မံ ကြားကြရဦးမလဲဆိုတာအာရုံစိုက် နားစွင့်နေကြပြန်ပါပြီ။
၂၀၁၄ ခုနှစ်ကဆွေးနွေးခဲ့သည် မြို့သစ်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိပဲ အာဏာပိုင်များနှင့် နှီးနွယ်သော အများပိုင်ကုမ္ပဏီ တစ်ခုတည်းမှသာတာဝန်ယူတည်ဆောက်မည်ဆိုခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာမှ စီမံကိန်းအားရပ်ဆိုင်းခဲ့ရသည်။
ယခုအခါတွင် မြို့သစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီအားအတိအကျထုတ်ဖော်ပြောကြားခြင်း
မရှိသေးပဲ ပြည်ပပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းမြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ ပြောကြားခဲ့သည်။ သန်လျင်၊ ဒလ၊တွံတေး၊ ကြည့်မြင်တိုင်၊ထန်းတပင်၊ မှော်ဘီနှင့် လှည်ကူးနှင့် အခြား မြို့နယ်များတွင် အကောင်အထည်ဖော်တည်ဆောက်မည် ဖြစ်ပြီးစီမံကိန်းစတင်မည့် ကာလကိုလည်းတရားဝင် ထုတ်ဖော်ပြောခြင်းမရှိသေးပေ။ မြို့သစ်တိုးချဲ့မည့် ဧရိယာများအတွင်းရှိ လယ်မြေများအား
သိမ်းယူရာတွင် လယ်သမားများနစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေအတိုင်းလျော်ကြေးငွေပေးဆောင်၍ လုပ်ဆောင်မည် ဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပြီးလွှတ်တော်၌ လက်ရှိ အတည်ပြုထားသည့် မြို့သစ်စီမံကိန်းများအတွက် လူထုအခြေပြု လူမှုစီးပွားအချက်အလက်များ၊ ပတ်ဝန်းကျင် အနေအထားများ စစ်တမ်းကောက်ယူဦးမည် ဖြစ်ကြောင်းသိရှိရသည်။
မြို့သစ်စီမံကိန်းအားအကောင်အထည်ဖော်ရန်အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ထောက်ခံမဲ ၁၀၀ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကာမြို့သစ်စီမံကိန်းများအပေါ်တွင် ပြည်သူလူထုအမြင်၌မူ ကန့်ကွက်ဆန္ဒပြမှုများယခုအချိန်အထိ မဖြစ်ပေါ်သေးသည်ကို တွေ့ရှိရပြီး နောက်ဆက်တွဲ ထုတ်ပြန်ချက်များကိုသာ လေ့လာစောင့်ကြည့်လျက် ရှိနေကြသည်။
မြို့တွင်းသွားလာရေးယာဉ်ကြောများကြပ်တည်းလာမှု၊ အိမ်ရာလိုအပ်ချက်တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာမှု များကြောင့် မြို့နေလူထုအနေဖြင့် မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မှုအပေါ် စိတ်ဝင်စားမှုရှိကြသည်ကို တွေ့ရှိရပြီးရန်ကုန်မြို့ကွက်အနေအထားနှင့် အပြောင်းအလဲဖြစ်လာမည့် အိမ်ယာဈေးကွက်အပေါ် လေ့လာ စောင့်ကြည့်လျက် ရှိနေကြသည်။
မြိုသစ်စီမံကိန်းအကောင်အထည်ဖော်မည့် နေရာများတွင် နေသားတကျ နှစ်ကာလများစွာနေထိုင်လာခဲ့သည့် အချို့ဒေသခံတို့အတွက် ပြောင်းရွှေနေထိုင်ရမှုများအပေါ် ပူပန်မှုအမျိုးမျိုးရှိနေကြသော်လည်းစီမံကိန်းဧရိယာ အနီးတ၀ိုက် နေထိုင်ကြသူများ ကဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု၊ ကျန်းမာရေး၊ ပညာရေးများ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်စေလိမ့်မည်ဟုယူဆကြပြီး၊ အချို့မှာလည်းမိမိတို့ ဒေသပတ်ဝန်းကျင်၌ဖြစ်ထွန်းပေါ်ပေါက်လာမည့် မြို့ပြအိမ်ရာဈေးကွက်အပေါ် အကျိုးရလဒ် ရလိုမှုစသည့် အချက်များကြောင့် စီမံကိန်းကိုရှေ့ဆက် ဆက်လက် အကောင်အထည်ဖော်ပေးဖို့အတွက် ဆန္ဒရှိကြကြောင်းသိရှိရပါသည်။


No comments:

Post a Comment

Welcome to Myanmar Highways
https://www.facebook.com/myanmarhighways

Myanmar Highways Recent Posts

Recent Posts Widget